အမေရိကန်သမ္မတ အိုဘားမားဟာ အီဂျစ်နိုင်ငံ အဇ်ဟရ်တက္ကသိုလ်မှာ မုစ်လင်မ်တွေကို အထူးမိန့်ခွန်းတစ်ခုပြောတယ်ဆိုတော့ အဲဒီနေ့က ကျွန်တော်စဉ်းစားနေမိတယ်။ အိုဘားမားရဲ့မိန့်ခွန်းက မုစ်လင်မ်တွေကို ချော့နေတာလား။ ဒါမှမဟုတ် မုစ်လင်မ်တွေ နဲ့ဆော့ကစားတာလားလို့။ အိုဘားမားဟာ မုစ်လင်မ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် မုစ်လင်မ်တစ်ယောက်ရဲ့ သားတော့ဖြစ်ပါတယ်။ အဲဒီလောက်အဆင့်ရှိနေမှ နည်းနည်းပါးပါးတော့ လည်လည်ဝယ်ဝယ်ရှိသင့်တာပေါ့။ ဒါပေမယ့် သူ့မိန့်ခွန်းစကားကြောင့် သူဟာ ကမ္ဘာကြီးရဲ့အကြောင်းကို ကျေညက်အောင်နားမလည်သေးပါလားလို့ သဘောပေါက်မိတယ်။ ခေါင်းစဉ်က ငြိမ်းချမ်းရေးမိန့်ခွန်း။ ငြိမ်းချမ်းရေးဆိုတာ စစ်တိုက်နေတဲ့သူတွေနဲ့လုပ်ရတာဆိုတာကို ကလေးတောင်သိပါတယ်။ အစကတည်းက ခင်ဗျားခြေရင်းမှာတိုးဝှေ့နေတဲ့သူတွေနဲ့ ဘာငြိမ်းချမ်းရေးလုပ်စရာလိုသလဲ။
ဒီကနေ့အချိန်မှာ အချို့မုစ်လင်မ်တွေဟာ အမေရိကန်နဲ့ စစ်တိုက်နေကြတယ်။ အချို့မုစ်လင်မ်လို့ခေါ်တဲ့သူတွေက အမေရိကန်ရဲ့လက်ပါးစေအဖြစ်နဲ့ အမေရိကန်ဘက်ကနေ မုစ်လင်မ်တွေကို တိုက်နေတယ်။
အိုဘားမားရဲ့မိန့်ခွန်းက အဲဒီမုစ်လင်မ်နှစ်မျိုးထဲက ဘယ်မုစ်လင်မ်တွေကို ငြိမ်းချမ်းရေးမိန့်ခွန်းပြောနေတာလဲ။ အိုဘားမားပြောတာကလည်း မုစ်လင်မ်တွေဟာ အမေရိကန်ကို ရန်သူလို့မမှတ်ယူပါနဲ့တဲ့။ ဘယ်မုစ်လင်မ်တွေကိုပြောနေတာလဲ။ ခင်ဗျားဗုန်းမိုးရွာချနေတဲ့မုစ်လင်မ်တွေကို ပြောတာလား။ ဒါမှမဟုတ် ခင်ဗျား ဒေါ်လာမိုးတွေရွာချပေးနေတဲ့ ခင်ဗျားရဲ့လက်ပါးစေ မုစ်လင်မ်ဆိုသူတွေကို ပြောနေတာလား။
သမ္မတအိုဘားမားခင်ဗျား အီဂျစ်သမ္မတ မူဘာရက်၊ ကူဝိတ်နဲ့UAEရဲ့ စော်ဘွားကြီးတွေ၊ အဖဂန်ရဲ့ကရ်ဇာအီ၊ ပါကစ္စတန်ရဲ့ ဇရ်ဒါရီ အားလုံးက အမေရိကန်ကို ရန်သူလို့မမှတ်ယူပါဘူး။ သူ့တို့ထံမှာတော့ အမေရိကန်ကို ရန်သူလို့ထင်မှတ်တဲ့သူဟာ ကုဖ်ရ် ရှရိက်လုပ်တာထက်တောင် ပိုအပြစ်ကြီးပါတယ်။ သူတို့ထံမှာတော့ အမေရိကန်ကို တစ်ခေါက်သွားရောက်ရတာကို ဟဂ်ျအွမ္မရာလုပ်တာ ထက်ပိုမြင့်မြတ်တယ်လို့ထင်ကြတယ်။ အမေရိကန်ရဲ့ ကြေနပ်နှစ်သက်မှုရတာကို ဘဝရဲ့ရည်မှန်းချက်လို့ ယူဆထားကြတယ်။
သမ္မတအိုဘားမားရဲ့မိန့်ခွန်းဟာ အဲဒီလိုမုစ်လင်မ်တွေကို ရည်ရွယ်ပြီးပြောနေတာဆိုရင်တော့ အချည်းနှီး လေထဲလွင့်သွားပြီ။ ဘာမျှအကျိုးမရှိတော့ဘူး။ အကယ်၍ သမ္မတကြီးရဲ့မိန့်ခွန်းက ဂွာန်တာနာမိုဘေးမှာရှိတဲ့ အကျဉ်းသားမုစ်လင်မ်တွေကိုပြောတာဆိုရင်၊ သို့မဟုတ် ဘဂ်ရာမ်အကျဉ်းထောင်ထဲမှာ ပုံစံမျိုးစုံညှင်းပန်းခံ နေရတဲ့ အကျဉ်းသားမုစ်လင်မ်တွေကိုပြောတာဆိုရင်၊ သို့မဟုတ် ကန်ဒဟာရဲ့လူနေရပ်ကွက်တွေအပေါ်မှာ ဗုန်းကျဲပြီး အပိုင်းပိုင်းဖြစ်နေတဲ့မုစ်လင်မ်တွေကိုပြောတာဆိုရင်။ ဒါမှမဟုတ် အီရက်က အဗူဂရီးဗ် အကျဉ်းထောင်ထဲက အမေရိကန်သားတွေရဲ့ ပင်ကိုယ်ဗီဇအကျင့်ဆိုးတွေကို ကိုယ်တွေ့မြင်ဖူးလိုက်တဲ့ အကျဉ်းသားတွေကိုပြောနေတာဆိုရင်။ ဒါမှမဟုတ် ခင်ဗျားမွေးစားထားတဲ့ အစ္စရေးတွေရဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုပ်မှုကို နေ့စဉ်နဲ့အမျှခံစားနေရတဲ့ သနားစရာ ဂါဇာက ပါလက်စတိုင်းတွေကိုပြောနေတာဆိုရင်။ သမ္မတကြီး အမှန်အတိုင်းပြောပါ။ ခင်ဗျားရဲ့မိန့်ခွန်းက သူတို့အတွက် ဘာတွေပြောင်းလဲသွားအောင်လုပ်လိုက်ပြီးလဲ။ ဘယ်လို့မှ ပြောင်းလဲဖို့မရည်ရွယ်ဘဲ စကားပြောလေ့ကျင့်နေတာဆိုရင်တော့ ဒါမုစ်လင်မ်တွေနဲ့ ဆော့ကစားနေသလိုဖြစ်နေတယ်။ ခင်ဗျားရဲ့ FBI နဲ့ CIA အဖွဲ့အစည်းတွေက မုစ်လင်မ်တွေကို အဆုံးစီရင်ဖို့ နည်းလမ်းမျိုးစုံသုံနေတာပဲ။ ခင်ဗျားဟာ အရဗ်တွေကို ချိုမပါတဲ့သိုးငယ်လေးလိုလုပ်ထားပြီး သွေးဆာနေတဲ့ အစ္စရေးအမဲလိုက်ခွေးတွေရဲ့ ရှေ့မှာချထားပေးတယ်။ ပါကစ္စတန်က အပြစ်မဲ့ပြည်သူတွေကို စွတ်စွဲချက်အမျိုးမျိုးနဲ့ မောင်းသူမဲ့လေယဉ်တွေနဲ့ ဗုန်းကျဲသတ်ဖြတ်နေတယ်။ အခုတခါ ခင်ဗျားတို့စစ်သားတွေဆုံးရှုံးတာများလို့ ပါကစ္စတန်စစ်တပ်ကို ငွေကြေးပုံအောပြီး မုစ်လင်မ်တွေကို တိုက်ခိုင်းနေတယ်။ ကြားကမြေစာပင် ပြည်သူ 25 သိန်းကျော် အိုးမဲအိမ်မဲ့နဲ့ ထွက်ပြေးကြရတယ်။ အချို့လည်း ငတ်ပြတ်သေကုန်ကြပြီ။ ခင်ဗျားရဲ့ ဒီလောက်ကြီးမား ရက်စက်မှုကြီးတွေလုပ်ပြီး မိန့်ခွန်းလေးတစ်ခေါက်ပြောတာနဲ့ သူတို့တွေရဲ့ အနားဒဏ်ရာတွေပျောက်သွားပါ့မလား။ အမေရိကန်ကို ရန်သူအဖြစ်ကစွန့်လွှတ်လိုက်ကြမလား။
အကောင်းဆုံးကခင်ဗျားရဲ့ ငြိမ်းချမ်းရေးသတင်းစကားကို ပစ်နေကျ ဒုံးကျည်တွေ ဗုန်းတွေမှာ ရေးပြီးပို့ လိုက်ရင် အဲဒီမုစ်လင်မ်တွေဆီကို ပိုပြီးမြန်မြန်ဆန်ဆန်ရောက်သွားမှာပါ။
အချုပ်အားဖြင့်ပြောရရင် အမေရိကန်ဟာ မိန့်ခွန်းတစ်ခေါက်ပြောပြီး အမေရိကန်သစ္စာစောင့် မုစ်လင်မ် သစ္စာဖောက်တွေ ထက်ပြီးဝယ်လို့ရအောင် အကွက်စင်တာပါ။
အိုအလ္လာဟ်အရှင်မြတ် မုစ်လင်မ်တွေကို အရှင့်ကျွန်အဖြစ်နဲ့သာ နေနိုင်စွမ်းချီးမြှင့်တော်မူပါ။ မတရားဖိနှိပ်သူတို့ရဲ့ ကျွန်အဖြစ်မှ လွတ်ကင်းခွင့်ပေးတော်မူပါ။ အာမီးန်
No comments:
Post a Comment