အလ္လာဟ်အရှင်မြတ်အား သတိရတမ်းတခြင်းသည် အလွန်ကြီးမားမြင့်မြတ်သောအရာဖြစ်သည်။ ကုရ်အာန်ကျမ်းတော်မြတ်၌`အလ္လာဟ်အရှင်မြတ်၏ဇိကိရ်သည်အကြီးကျယ်ဆုံးဖြစ်သည်´ဟုမိန့်တော်မူထားပါသည်။
ကျွန်ုပ်တို့အားလုံးသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ ဤကြီးမားမြင့်မြတ်သောအရာ၊ ဤကြီးမား မြင့်မြတ်သောနိအ်မသ်ကျေးဇူးတော်ကို ချီးမြှင့်တော်မူရန် ဒုအာပြုကြစို့။
ကျွန်ုပ်တို့အတွက် အရေးအကြီးဆုံးလိုအပ်ချက်
အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏ဇိကိရ်လုပ်မှုအား လိုအပ်နေသောအရှင်မဟုတ်။ ထိုအရှင်သည် အတိုင်းမသိ ကြွယ်၀တော်မူသော၊ လိုလားတောင့်တမှုကင်းတော်မူသောအရှင်ဖြစ်တော်မူပါသည်။ ကျွန်ုပ်တို့သည် ထိုအရှင်အား ဇိကိရ်သတိရတသရလောက်အောင် အဆင့်အတန်းမရှိပါ။ ကျွန်ုပ်တို့ ဇိကိရ်ပြုနိုင်ခြင်းမှာလည်း ထိုအရှင်၏ကျေးဇူးပြုမှု၊ ချီးမြှင့်မှုပင်ဖြစ်ပါသည်။
မုစ်လင်မ်တို့ . . . မှတ်သားထားကြပါ။ ကျွန်ုပ်တို့အတွက် ဇိကိရ်လုပ်ရန် အလွန်ပင်လိုအပ်ပါသည်။ အကယ်၍ကျွန်ုပ်တို့ ဇိကိရ် အလ္လာဟ်အရှင်မြတ်ကို သတိရတသမှုမပြုလျှင် ကျွန်ုပ်တို့ပျက်စီးသွားကြပါမည်။ ဆုံးရှုံးသွားကြပါမည်။ ဂိုနာဟ်ဒုစရိုက်များတွင် နစ်မွန်းသွားကြပါမည်။
မှတ်သားကြပါ။ အရှင့်အားတသခြင်း၌သာလျှင် ကျွန်ုပ်တို့၏အသက်ရှင်မှု၊ တိုးတက်မှု၊ အောင်မြင်မှုများရှိပါသည်။
ရှိုင်သွာန်သည် လူတစ်ဦးအပေါ်လွှမ်းမိုးချုပ်ကိုင်နိုင်ပြီဆိုလျှင် ဦးစွာပထမ ဇိက်ရုလ္လာဟ် အလ္လာဟ် အရှင်မြတ်အား သတိရတသခြင်းအား မေ့ပစ်စေသည်။ အလ္လာဟ်အတွက်သန့်စွန့်ကြိုးပမ်းနေသူသည် ဇိကိရ်လုပ်နေမည်ဆိုလျှင် အောင်မြင်မှုရရှိနေမည်ဖြစ်သည်။ ဇိကိရ်ကိုစွန့်လွှတ်လိုက်လျှင် အဆုံး၌ ထိုကြိုးပမ်းမှုမှပင် လက်မဲ့ဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ရှိုင်သွာန်သည် ထိုသူ့အပေါ်လွှမ်းမိုးသွား၍ ထိုသူ၏စိတ်နှလုံးများကို မာမြင်းအောင်ပြုလုပ်လိုက်သည်။
ရှိုင်သွာန်လွှမ်းမိုးခြင်းဆိုသည်မှာ
ကုရ်အာန်ကျမ်းတော်မြတ်တွင် အလ္လာဟ်အရှင်မြတ်သည် မုနာဖိကိများနှင့်ပတ်သက်၍မိန့်တော်မူ သည်မှာ အဓိပ္ပါယ်။ ။ထို(မုနာဖိက်)များအပေါ်သို့ ရှိုင်သွာန်သည်လွှမ်းမိုးသွားသည်။ သို့ရှိရာ ရှိုင်သွာန်သည် ထိုသူ့အား အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းအား မေ့လျော့စေလိုက်သည်။ ထိုသူတို့သာလျှင် ရှိုင်သွာန်၏အုပ်စုဖြစ်သည်။ ဧကန်ရှိုင်သွာန်၏အုပ်စုသာလျှင် ပျက်စီးဆုံးရှုံးသူများ ဖြစ်ကြ၏။ (ကုရ်အာန်၊ စူရဟ်မုဂျာဒလာ၊ ၉၁)
ဤနေရာ၌အနည်းငယ်စဉ်းစားကြည့်ပါ။ ကျွန်ုပ်တို့၏အဆိုးဆုံးရန်သူ ရှိုင်သွာန်သည် လွှမ်းမိုးနိုင်သူကို ဦးစွာပထမ အလ္လာဟ်အရှင်မြတ်အား သတိရခြင်းအား မေ့ပစ်စေသည်။ ထိုအချက်အရသိရသည်မှာ ဇိကိရ်မှ မေ့လျော့နေခြင်းသည် မည်မျှ ထိခိုက်ဆုံးရှုံးဖွယ်ကိစ္စဖြစ်ပါသနည်း။
သဖ်စီးရ်အကျယ်ပြန်ပညာရှင်များက ရေးကြသည်မှာ ရှိုင်သွာန်သည် လူတစ်ဦးတစ်ယောက်အပေါ် လွှမ်းမိုးသွားသည့်နိမိတ်လက္ခဏာများမှာ
ရှိုင်သွာန်သည် ထိုသူ့အား စားခြင်း၊ သောက်ခြင်း၊ ဝတ်စားဆင်ယင်ခြင်း၊ မိမိအပြင်ပိုင်း ရုပ်ခန္ဓာကို အလှပြင် ဆင်ယင်နေမှုတွင်မွေ့လျော်စေထားခြင်း။
ထိုသူ၏နှလုံးသားကို အလ္လာဟ်အရှင်မြတ်ချီးမြှင့်ထားသောနိအ်မသ်ကျေးဇူးတော်များအားသတိရ ခြင်း၊ ကျေးဇူးတင်ခြင်းများမှ မေ့လျော့စေထားခြင်း။
ထိုသူ၏နှုတ်လျှာကို လိမ်လည်မှု၊ အတင်းပြောခြင်း၊ မဟုတ်မတရားစွတ်စွဲခြင်းများတွင်သာ ငြိတွယ်စေထား၍ အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းမှ ဖယ်ရှားထားခြင်း။
ထိုသူ၏အတွေးအာရုံအားလုံးကို လောကီရေးသက်သက်၊ လောကီပစ္စည်းစုဆောင်းရန်သာ စိတ်အာရုံများ ဖြစ်ပေါ်စေခြင်း။ (သဖ်စီရုလ်မဒါရိက်) (အင်ရှာအလ္လာဟ် ဆက်လက်ဖော်ပြသွားမည်)
No comments:
Post a Comment